**ကစဉ့်ကလျားနဲ့ ညစ်ထေးမှု့တွေ စွန်းပေလေတိုင်း ဖြေစရာဆိုလို့ လူမသိ သူမသိ ဟောဒီ ကလောင်တစ်ချောင်းပဲရှိသူ**

27 April 2012

အမေထံ မပို့ဖြစ်ခဲ့သော ကဗျာ

အမေ နေကောင်းရဲ့လား
ဝန်းကျင်ရဲ့ မျက်လုံးတွေနဲ့ အမေဟာ နေသားတကျကော ရှိရဲ့လား
လူတွေရဲ့စကားဝိုင်းက ကျနော့်အကြောင်းတွေကို အမေ နားထောင်ဖို့ ခွန်အားရှိရဲ့လား
အိမ်အပြင်ကို ထွက်လိုက်တိုင်း အရင်လို တက်ကြွမှု့တွေကော ဆိတ်သုဉ်းကုန်ပြီလား၊

အနှစ်နှစ်အလလ ဆောက်ခဲ့တဲ့အိပ်မက်ကို ဖြိုဖျက်ရက်လေသူ
အမေ အဖေမျက်နှာကို ဓားနဲ့မွှန်းရက်သူ
တွင်းတူးပြီး ကိုယ့်ကိုယ်ကို အရှင်မြုပ်ပစ်ရက်သူ
အဲဒီလို လူတွေ ပြောနေကြတယ်လား အမေ၊

လူငယ်တစ်ယောက်ရဲ့ လူပီသခွင့်က 
အရင်းနှီးတွေ အဲလောက်များခဲ့သလား
အမေ အိပ်ပျော်အောင် အိပ်ပါ
အစာကို ကောင်းကောင်းစားပါ
တံခါးခေါက်လာတဲ့ အိုမင်းရင့်ရော်မှု့ကို နွေးနွေးထွေးထွေးကြိုဆိုပေးပါ၊

ငယ်ငယ်ကတည်းက တစ်ကောင်ကြွက်ကြီးပြင်းခဲ့ရသူ
နေရာ ဒေသမရွေး အိပ်စက်တတ်သူ သားအတွက် အမေ မငိုပါနဲ့
မျက်ရည်တွေကို အခြား အကျိုးရှိမဲ့ နေရာတွေမှာ အသုံးပြုပေးပါ၊

ရွာဦးကျောင်းက တုံးမောင်းသံကြားတိုင်း
စာသင်ကျောင်းက ခေါင်းလောင်းသံကြားတိုင်း အမေ ငိုနေလေမလား
ဒါဆိုလည်း သားရဲ့ မှတ်တမ်းကောင်းတွေကိုပဲ ပြန်စဉ်းစားပေးပါ
သားဟာ ရာဇ၀တ်မှု့ကြီးတစ်ခုကို ကျူးလွန်ခဲ့တာမှ မဟုတ်တာ
လူငယ်တစ်ယောက်ရဲ့ လူပီသခွင့်ကိုပဲ တောင်းဆိုခဲ့တာ၊

ဘာပဲဖြစ်ဖြစ် အမေ အိပ်ပျော်အောင် အိပ်ပါ
အစာကို ကောင်းကောင်းစားပါ
အမေ နေကောင်းပါစေ
အမေ ပျော်ရွှင်ပါစေ။ ။

ဧဏီမင်း
၂၄.၄.၂၀၁၂

01 April 2012

အမှန် ခြစ် မရတဲ့ နိုင်ငံ

အမှန်ခြစ်ဖို့တောင် အဲလောက် ခက်ခဲနေရသလား
လမ်းဟာ ခရောင်းတင် မကဘူး ဖယောင်းတွေပါ သုပ်ထားသတဲ့၊

မြေကမ္ဘာမှာ ရွှေတွေဟာ ဒင်းတို့ကြောင့် ရွံ့တွေဖြစ်ရတယ်
မြေကမ္ဘာမှာ ရွှေတွေဟာ ဒင်းတို့ကြောင့် မျက်နှာငယ်ရတယ်
မြေကမ္ဘာမှာ ရွှေတွေဟာ ဒင်းတို့ကြောင့် အောက်ကျ နောက်ကျဖြစ်ရတယ်
မြေကမ္ဘာမှာ ရွှေတွေဟာ ဒင်းတို့ကြောင့် သိက္ခာကျရတယ်၊

အခုလည်းကြည့်
အမှန်တရားကို ဖုံးအုပ်ဖို့ ဖယောင်းတွေ သုပ်ထားသတဲ့
အို... ရွှေဥာဏ်တော် စူးရှပါပေရဲ့၊

ဒါ့ကြောင့်ပဲ
မြေကမ္ဘာမှာ ရွှေတွေဟာ ဒင်းတို့ကြောင့် ရွံ့တွေဖြစ်ရတယ်
ဒါ့ကြောင့်ပဲ
မြေကမ္ဘာမှာ ရွှေတွေဟာ ဒင်းတို့ကြောင့် မျက်နှာငယ်ရတယ်
ဒါ့ကြောင့်ပဲ
မြေကမ္ဘာမှာ ရွှေတွေဟာ ဒင်းတို့ကြောင့် အောက်ကျ နောက်ကျဖြစ်ရတယ်
ဒါ့ကြောင့်ပဲ
မြေကမ္ဘာမှာ ရွှေတွေဟာ ဒင်းတို့ကြောင့် သိက္ခာကျရတယ်၊

လွတ်မြောက်ဖို့ အချိန်တန်ပြီ
ဒီနေ့သစ်မှာမှ ရောင်ခြည်ဟာ ငါတို့ ကိုယ်ပေါ်ဖြာမကျဘူးဆိုရင်
သေချာတယ်
မင်းတို့ ငါတို့ အမြစ်တွေ (လုံးဝ-လုံးဝ) သုဉ်းပြီ။ ။


ဧဏီမင်း
၁.၄.၂၀၁၂

22 March 2012

မြို့ပြ ဘဝ

အကျဉ်းချခံထားရတာလား
လေးဘက် လေးတန်ဟာ အုတ်နံရံတွေပဲ အပြည့်၊

နေ့စဉ်မြင်ကွင်းက
အစာသွပ်ထားတဲ့ ပေါင်မုန့်တွေ
အသက်သွင်းခြင်းခံထားရတဲ့ လူရုပ်တွေပဲ၊

မိုးလင်းရင်အလုပ်သွားတယ်
နေ၀င်ရင် အလုပ်ပြန်တယ်
မိုးချုပ်ရင် အိပ်ယာဝင်တယ်
ဒါသည်ပင် မြို့ပြဘ၀ သံသရာလေလား၊

အထင်မကြီးနဲ့သူငယ်ချင်း
ရေခဲရိုက်တွေများတဲ့ မြို့ပြဟာ
ဘယ်အရာမှ လတ်လတ် ဆတ်ဆတ်မရှိဘူး
အကြော် အလှော်များတဲ့မြို့ပြဟာ
အသက်ရှူလို့လည်း မ၀လှဘူး၊

ပေါင်တံသေးသေး ဖွေးဖွေးတွေ
မပွင့်တပွင့်နှုတ်ခမ်းတွေကို မတပ်မက်နဲ့ သူငယ်ချင်း
ဒါဟာ မြို့ပြကို တန်ဆာဆင်ထားတဲ့ အကာ
ဒါဟာ သောက်နေကျကော်ဖီတစ်ခွက်လောက် မချိုမြိန်တဲ့ အရသာ၊

တခါခါ စားသုံးသူတိတ်ဆိတ်နေတဲ့ စားတော်ဆက်လိုပဲ
အပြိုင်အဆိုင် ပရိုမိုးရှင်းတွေလုပ်ကြ
အပြိုင်အဆိုင် စကတ်တိုတွေဝတ်ကြ
အပြိုင်အဆိုင် မပွင့် တပွင့်လေး ဖွင့်ပြကြ
လိုချင်တာကို ထွက်ဝယ်မစားရဲတဲ့ သူတို့ဘ၀က
တခါတခါ တွေးကြည့်ရင် သနားစရာ
ဒါတွေဟာ မြို့ပြဘ၀တွေပဲ သူငယ်ချင်း၊

တကယ်တော့မြို့ပြဟာ
သေဒဏ်ချခံထားရတဲ့ ရာဇ၀တ်သားတစ်ယောက်ပဲ
ဘယ်လိုပဲ နေသားကျအောင် ဖန်တီးပေမဲ့
အပြစ်ပေးခံရမဲ့ နေ့ရက်ကိုပဲ တွေးတွေးပူနေရသူ
ဒါတွေဟာ မြို့ပြဘ၀တွေပဲ သူငယ်ချင်း။ ။

ဧဏီမင်း
၂၁၊၃၊၂၀၁၂
PATA IT

09 March 2012

လူ့ အရသာ

ထွန်းသစ်စ နေ၀န်းလေးလား
အေးမြမှု့ ဟာ ဒီတစ်ကြိမ်တော့ ကိုယ့်တကိုယ်လုံးပေါ် ဖျာတယ်၊

လူဖြစ်ခြင်းအရသာက လူတစ်ယောက်ထပ်မွေးဖွားစေခြင်းလား
ကျန်းမာတယ်
ပုံမှန်အသားရေပဲ
ပေါင်ချိန်ပြည့်တယ်
လုံးဝဖွေးဖွေး ချစ်စရာလေး
မေမေကော ကျွန်တော်လူဖြစ်စက အဲလို ရင်ခုန်ခဲ့လေမလား၊

ဂျူတီကုတ်တွေနဲ့ ဖွေးဖွေးလှုပ်နေတဲ့ လူထုတ်စက်ရုံဟာ
ဘန်ကောက် အနုစာဝတီအ၀ိုင်းနားက ရတ်ဝီထီ
လူတချို့ အဲဒီမှာ မွေးတယ်
လူတချို့ အဲဒီမှာ သေတယ်
မွေးဖွားခြင်း သေဆုံးခြင်းကြားက လူတွေ ကြိတ်ကြိတ်တိုး ပျော်ကြတယ်၊

မေ့ဆေးထိုးခံထားရတာလား
တမင် မေ့ချင်ယောင်ဆောင်နေတာလား
ပျော်တယ်
တိုးဝှေ့ပြီးကို ပျော်ကြတယ်
ကြိတ်ကြိတ်တိုးကို ပျော်ကြတယ်၊

ပျော်တယ်
အေးမြမှု့ဟာ ဒီတစ်ကြိမ်တော့ ကိုယ့်တကိုယ်လုံးပေါ်ဖျာတယ်
လူဖြစ်ခြင်းအရသာက လူတစ်ယောက်ထပ် မွေးဖွားစေခြင်းလား။ ။ ။

ဧဏီမင်း
၈.၃.၂၀၁၂
၁၀:၂၂ pm

08 March 2012

အချစ်ဟာ ဘာသာ မဟုတ်

ဒီနေ့ မိုးဟာ အရင်လို မလင်းဘူး
လင်းလိုက်တဲ့ မိုးဟာလည်း တကယ်တော့ မိုးမဟုတ်ပြန်ဘူး
လည်တိုင်ဖွေးဖွေးလေးဟာ
အတွေ့ဟာ
ဆူကီတစ်ပွဲဟာ ကဗျာတစ်ပိုဒ်စာလောက် အရသာမရှိဘူး၊

ရှေ့မှာ ကွေ့ကွေ့ ကောက်ကောက် စီးဆင်းသွားတာ မြစ်မဟုတ်ဘူး
ခေတ်ကို အရောင်ဆိုးထားတဲ့ မော်ဒန်ကောင်မလေးတစ်ယောက်၊

အချစ်ဟာ အစိတ်စိတ်ကွဲကျထားတဲ့ ဖန်ခွက် အပိုင်းအစ
အကိုင်မတတ်ရင် လက်ဟာ သွေးတွေနဲ့ ရဲ သွားမယ်
ဘ၀ဟာလည်း မွဲသွားမယ်၊

အချစ်ဟာ ဘာသာ မဟုတ်ဘူး
စကား မဟုတ်ဘူး
ကိုးကွယ်စရာ မဟုတ်ဘူး၊

မကင်းနိုင်ပေမဲ့ အကင်းတော့ ပါးနပ်ရမယ်
ခေတ်သစ် အချစ် ဟာ ခေတ် စနစ်အောက်က ကျေးကျွန်တစ်ယောက်၊

ဧဏီမင်း
၈.၃.၂၀၁၂
In Din Deng, BKK

17 February 2012

“စု”

အောင် မြင်သူတွေဖြစ်ဖို့ စု ထားကြ
ဆန်း သစ်တီထွင်သူတွေဖြစ်ဖို့ စု ထားကြ
စု စည်း ညီညွတ်ဖို့ လက်တွေ စု ထားကြ
ကြည် လင် အေးမြတဲ့ ရေကိုသုံးဆောင်ဖို့ စု ထားကြ၊

အောင် မြင်နေ (ခဲ့) သူတွေဟာ သူ့နည်း သူ့ဟန်နဲ့ စုနေ (ခဲ့) ကြသူတွေဖြစ်တယ်
မြင် ခြင်း မမြင်ခြင်းကတော့ ကြည့်သူရဲ့ မျက်လုံးပေါ်မှာပဲ တည်တယ်
ပါ စေ နာစေ သာစေ ဆိုတဲ့ အယူသည်းမှု့တွေ မရှိကြေး
စေ တလုံး ပိုင်ရှင်တွေဖြစ်ဖို့ (ဒီကဗျာ ဖတ်ပြီးကတည်းက) စုသာ ထားကြ။ ။

ဧဏီမင်း
17.02.2012

လူငယ်

ခေတ်ကို မျက်ခြေမပြတ်ပါနဲ့

လမ်းသွား လမ်းလာတွေကို စောင့်ကြည့်ပါ
အိုင်တီကို လေ့လာပါ
(အလွဲသုံးစားတော့ မလုပ်မိပါစေနဲ့။)

ခေတ်က
ပျားရည်ဆမ်းခရီးတွေ များသလို
အဆိပ်လူးပန်းတွေကလည်း များတယ်
အထပ်မြှင့်မြှင့်တိုက်တွေ များသလို
(ပြုတ်ကျရင်)
တကိုယ်လုံးနစ်ဝင်သွားနိုင်တဲ့ မြေသားပျော့ပျော့တွေ များတယ်၊

ခေတ်က
မီးစတစ်ဘက် ရေမှုတ်တစ်ဘက်နဲ့ မိစ္ဆာတစ်ကောင်ပဲ၊

လောကကို စစ်တုရင်ကစားကွက်တစ်ခုလို မြင်ပါ
ကိုယ့်ကိုယ်ကို ဘုရင်နေရာက ထားကစားပါ
မင်းကျင့်တရား (၁၀) ပါးနဲ့လည်း ညီပါစေ။ ။

ဧဏီမင်း
16.02.2012

14 January 2012

မျက်ကန်း သစ္စာ (သို့) အမှန်တရား

တချို့အမှန်တရားတွေက
အမှန်တရားနဲ့ မနီးစပ်ဘူး၊

မိုးလင်းလို့ တံခါးဖွင့်လိုက်တိုင်း မြင်နေကျ မြင်ကွင်းက ၀ါး တယ်၊
တမင် မှုန်ပျပျ ရေးခြစ်ထားတာလား
မင်းပုံရိပ်ဟာ မှန်ဘီလူးထဲမှာတောင် မသဲကွဲဘူး၊

ဘယ်မှာလဲ သစ္စာတရား
ဘောလုံးတစ်လုံးမဟုတ်တော့
မင်းက မြေနိမ့်ရာ မလှိမ့်တတ်လေသလား၊

အချစ်ဟာ ကန်းတယ်
သစ္စာဟာ မလင်းဘူး
အလိုရမ္မက်ဟာ မိုက်တယ်၊

အချစ်
သစ္စာ
ရမ္မက်အကြောင်း ပြောနေသူအားလုံးဟာလည်း ကန်းတယ်
မလင်းဘူး
မိုက်တယ်။ ။

ဧဏီမင်း
13.01.2012

27 September 2011

ကျန်းမာပါစေ..မြစ်ဧရာ


ငါတို့ရဲ့ အသက်သွေးကြော
ငါတို့နဲ့တစ်သားတည်း မြစ်ဧရာ
ခုတော့ မင်းဟာ ဒဏ်ရာတွေဗရပွနဲ့၊

ဘယ် မသမာသူတွေ ခုတ်ထစ်ပစ်ရက်တာလဲ
အေးမြတဲ့ ရေအလျဉ်တွေအစား သွေးတွေကိုပဲ စီးဆင်းပစ်ရောပေါ့ မြစ်ဧရာ၊

မင်းကြောင့် ငါတို့တွေ အသက်ဆက် ရှင်သန်ခွင့်ရတယ်
မင်းကြောင့် မျိုးစေ့တွေ ကြီးထွားခွင့်ရတယ်
မင်းကြောင့် ငါတို့မြေဟာ စည်ပင်လှပတယ်၊

မြစ်ဧရာ
ခုတော့ မင်းကို ဘယ်သိုက်သမားတွေ တူးဖြိုပစ်ရက်တာလဲ
တစတစ တိမ်ကောသွားမဲ့ မင်းကို မကြည့်ရက်ဘူး မြစ်ဧရာ၊
သေချာတာက မင်းနဲ့အတူ ငါတို့လည်း တစတစ
ပြို
ဆင်း သွားမှာ၊



ဘယ်လိုမှ လက်သင့်မခံနိုင်ဘူး မြစ်ဧရာ
ဘယ်နည်းနဲ့မှ အညံ့မခံဘူး မြစ်ဧရာ၊

ငှက်မဲတစ်အုပ်စာ ကောင်းစားဖို့အတွက်
ဘာကြောင့်များ မြစ်ဧေရာကရေတွေ စတေးရမှာလဲ
ငှက်မဲတစ်အုပ်စာ ဗိုက်ဝဖို့အတွက်
ဘာကြောင့်များ ငါတို့မျိုးစေ့တွေ ဖူး ပွင့်ခွင့်ဆုံးရှုံးရမှာလဲ၊

မြစ်ဧရာ ကျန်းမာပါစေ
မြစ်ဧရာ အမြန်ဆုံး လွတ်လပ်ပါစေ။

ဧဏီမင်း
27.09.2011

08 September 2011

တောမှလာ၍ တောမှာပျော်သော ယင်ကောင်များ

ဘ၀က ထမင်းနပ် မမှန်တဲ့ ခွေးပိန်တစ်ကောင်လို
လမ်းမတွေပေါ်ချည်း အလေလိုက်ချင်ရဲ့၊

စိတ်က လေးက လွှတ်လိုက်တဲ့ မြှားတစ်စင်းလို
ထစ်ခနဲ့ဆို ၀ှီးခနဲ့ ပြေးပြီ
လမ်းကြို လမ်းကြား
မြောင်းကြို မြောင်းကြား
မမြင်ဖွယ်ရာ ဂျောင်ကြို ဂျောင်ကြား
စိတ်က လိပ်ပြာတစ်ကောင် မဟုတ်တော့ ဖမ်းရ ချုပ်ရ မလွယ်ဘူး၊

သိပ္ပံပညာဟာ ဆန်းကျယ်တယ်
စိတ်ကို ထိန်းချုပ်တဲ့ စက် မဖန်တီးနိုင်တာ ခက်တယ်၊

ပင်လယ်ရေဟာလည်း ငန်တယ်ပြောတယ်
(ခက်တာက) လူတွေက အဲဒီမှာပဲ ပျော်တယ်၊

ယင်တလောင်းလောင်းဝိုင်းအုံနေတာ အပုတ်ကောင်မဟုတ်ဘူး
ညစ်ပတ်နံစော်တဲ့ အနံ့လည်း မရှိဘူး
အသေအချာကြည့်တော့ ၀ိုင်းအုံနေတာလည်း ယင်ကောင်တွေ မဟုတ်ဘူး၊

အဆိပ်သင့် ဆွံ့အ
သွေးတို့ ဖြူဖတ်ဖြူရော
အညှီအဟောက်တို့ မြစ်ရိုးတလျောက်စီးဆင်း
အဲဒီအထဲ ငါ့လိပ်ပြာလေး မြုပ်လိုက် ပေါ်လိုက်။ ။

ဧဏီမင်း
09.09.2011